ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်အရေအတွက် ၃ သန်းကျော်သွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး အန်တိုနီယိုဂတ်တာရက်စ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်က ပြောပါတယ်။
“ယူအန်အိပ်ခ်ျစီအာရ်မှာ စာရင်းသွင်းထားတဲ့ ဆီးရီးယား ဒုက္ခသည်အရေအတွက်ဟာ မနေ့က ၂ သန်း ၂ သိန်းကျော် ရှိသွားပါပြီ။ တချို့က ယူအန်အိပ်ခ်ျစီအာရ်ရဲ့ တိုက်ရိုက် အကူအညီတွေ မလိုအပ်တာကြောင့် စာရင်းမသွင်းတာတွေလည်း ရှိပါတယ်။ နိုင်ငံတွေက တဆင့်၊ နိုင်ငံတကာအသိုင်းအ၀ိုင်းကတဆင့် သိရသလောက် ဆီးရီးယား ၃ သန်းကျော် နိုင်ငံထဲက ထွက်ပြေးခဲ့ပြီး ဖြစ်ကြောင်း ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ဆီးရီးယား ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို ထမ်းပိုးပေးထားရတဲ့ အိမ်နီးချင်းနိုင်ငံတွေကို အကူအညီတွေ ပိုပေးဖို့ လိုအပ်တယ်လို့ ဂတ်တာရက်စ် က ပြောပါတယ်။
ဂျော်ဒန်နိုင်ငံကလည်း ဆီးရီးယား ဒုက္ခသည်တွေကို ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်တွေအတွင်း လက်ခံထားဖို့ စုစုပေါင်း ကုန်ကျစရိတ်ဟာ ဒေါ်လာ ၅ ဘီလီယံ ကျော်လိမ့်မယ်လို့ ပြောပါတယ်။ အခြေခံ အဆောက်အဦ ဆောက်လုပ်ရေးအတွက် အဓိက ကုန်ကျစရိတ်တွေ တိုးလာတယ်လို့ ပြောပါတယ်။
ဂျော်ဒန်နိုင်ငံမှာ ဆီးရီးယား ဒုက္ခသည် ၆ သိန်းကျော် လောလောဆယ် နေထိုင်နေကြတယ်လို့ ကုလသမဂ္ဂ အချက်အလက်တွေက ဆိုပါတယ်။
လစ်ဗျားနဲ့ အီဂျစ်လို ဆီးရီးယားရဲ့ အနီးကပ် အိမ်နီးချင်းနိုင်ငံတွေထဲ တရက်ကို ဆီးရီးယား ဒုက္ခသည် ပျမ်းမျှ ၄ ထောင်လောက် ၀င်ရောက်နေပြီး ဒီနိုင်ငံတွေရဲ့ ၀န်ထုပ်ဝန်ပိုးကို ကူညီ ပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့ ယူအန်အိပ်ခ်ျစီအာရ်က ပြောပါတယ်။