အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာရဲ့ အစိတ်အပိုင်းတွေမှာ မိုးအဆက်မပြတ် ရွာလို့ ရေလွှမ်းမိုးမှု ဖြစ်အပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က လူ ၆၀၀၀ လောက်ကို အိမ်တွေကနေ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ အမျိုးသား ကပ်ဘေး လျော့ပါးသက်သာရေး အေဂျင်စီက ဆိုပါတယ်။
ဂျကာတာမြို့မြောက်ပိုင်းက စီးပွားရေးနယ်မြေဟာ ရေလွှမ်းမှုဒဏ် အဆိုးဆုံးခံရတဲ့ နေရာတွေထဲက တခုဖြစ်ပါတယ်။ လူတွေက သူတို့အိမ်တွေကနေ ရာဘာလှေတွေ၊ မြင်းဆွဲရထားတွေနဲ့ ရွှေ့နေရပြီး ဆိုင်တွေနဲ့ ကုန်တိုက်တွေကိုလည်း ပိတ်ထားရပါတယ်။
ရဲတွေနဲ့ ဒေသခံ အစိုးရအရာရှိတွေက ပတ်ဝန်းကျင်က ဒေသခံတွေကို ပိုမြင့်တဲ့ မြေပြင်တွေဆီ ကုန်ကားတွေကို သုံးပြီး ကူညီ သယ်ပို့ပေးခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ အစိတ်အပိုင်း အများစုဟာ နှစ်စဉ် မိုးရာသီရောက်တိုင်း ပုံမှန် ရေလွှမ်းမိုး ခံနေရပြီး သယ်ယူပို့ဆောင်ရေးစနစ်တွေ ရပ်နားခဲ့ရပါတယ်။
မြို့တော် ဂျကာတာမှာတော့ ပိတ်ဆို့နေတဲ့ တူးမြောင်းတွေ၊ အရည်အသွေး ညံ့ဖျင်းတဲ့ မြေအောက်ရေဆိုးထုတ်စနစ်တွေကြောင့် နှစ်စဉ် ရေလွှမ်းမိုးတာ ခံနေကျပါ။
၁ လ ၂ ကြိမ် ပုံမှန် ရေလွှမ်းခံနေရတာကို ပြင်ဆင်ရေး ကူညီမယ့် အပြောင်းအလဲတွေကို ဒေသခံတွေက စောင့်နေတယ်လို့ ဒေသခံ လူအဖွဲ့အစည်းခေါင်းဆောင်က ပြောပါတယ်။
ရေလွှမ်းခံ ဒုက္ခသည်တွေအတွက် ပြန်လည်နေရာချထားရေးဌာနကို အနည်းဆုံး ၁၄ ခု ဖွင့်ထားပြီးပြီလို့ အမျိုးသား ကပ်ဘေး စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။ မိုးက လာမယ့်ရက်တွေမှာ ပိုရွာဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။





The post ဂျကာတာ ရေဘေးဒုက္ခသည် ၆၀၀၀ ခန့် နေရာရွှေ့ပြောင်း appeared first on DVB.