ဂျာမနီဝန်ကြီးချုပ် အန်ဂျလာ မာကယ်က ရုရှားသမ္မတနဲ့ တွေ့ဆုံပြီးနောက် ယူကရိန်း အရေး ဆွေးနွေးတာ အဖြေမထွက်ဘူးလို့ မနေ့က ပြောပါတယ်။
အီတလီနိုင်ငံမှာ ကျင်းပနေတဲ့ အီးယူနဲ့ အာရှ ခေါင်းဆောင်တွေ ထိပ်သီးဆွေးနွေးပွဲကာလအတွင်း ရုရှားသမ္မတ ပူတင်၊ ယူကရိန်း သမ္မတ ပိုရိုရှန်ကိုနဲ့ အီးယူ ခေါင်းဆောင်တွေ သီးခြား အစည်းအဝေးပြုလုပ်ခဲ့ပြီး တိုးတက်မှု အနည်းအကျဉ်းလောက်ပဲ ရှိခဲ့ပြီး ဆက်ဆွေးနွေးရဦးမယ်လို့ ဂျာမနီ ၀န်ကြီးချုပ်က ပြောပါတယ်။
ယူကရိန်း နယ်မြေတည်တံ့ရေးကိစ္စကို ချိုးဖောက်နေတာဟာ အဓိက ကိစ္စရပ်ဖြစ်တယ်လို့ အန်ဂျလာ မာကယ်က ပြောပါတယ်။
ဒီနှစ်ဆန်းပိုင်းမှာ ရုရှားက ခရိုင်းမီးယားဒေသကို ကျူးကျော်ခဲ့တာနဲ့ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေကို ထောက်ပံပေးနေတာကြောင့် အီးယူက ရုရုားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ထားပါတယ်။
တချိန်တည်းမှာ ယူကရိန်းက ရုရှားကိုပေးရမယ့် ဓာတ်ငွေ့ဖိုး အကြွေးကို မဆပ်နိုင်လို့ ရုရှားဘက်က ဓာတ်ငွေ့ တင်ပို့မှုကို ဖြတ်တောက်လိုက်ရင် ဥရောပတိုက်တွင်းက တခြား နိုင်ငံတွေအတွက်ပါ ဒီနှစ်ဆောင်းတွင်းမှာ အခက်အခဲဖြစ်နိုင်တာကြောင့် အီးယူက ကြိုးစားပြီး ကြားဝင် ညှိနှိုင်းပေးနေတာဖြစ်ပါတယ်။
ရုရှားဟာ ဥရောပတိုက်အတွက် ဓာတ်ငွေ့အများဆုံး တင်ပို့ပေးနေတဲ့ နိုင်ငံဖြစ်ပြီး လိုအပ်ချက်ရဲ့ သုံးပုံတပုံ ၀န်းကျင်ရှိပါတယ်။
အီးယူနိုင်ငံတွေအတွက် ရုရှားက ပို့ပေးနေတဲ့ ဓာတ်ငွေ့ပမာဏရဲ့ တ၀က်ကလည်း ယူကရိန်းကတဆင့် ဖြတ်သန်းသွားတာဖြစ်ပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ဟာ ဓာတ်ငွေ့ ဈေးနှုန်းကိစ္စကို ညှိနှိုင်းမရတဲ့ ပြဿ နာဟာ ဆယ်နှစ်အတွင်း တတိယအကြိမ် ဆိုပေမယ့် အခုတကြိမ်မှာတော့ ယူကရိန်း အရှေ့ပိုင်း ပြဿ နာတွေကြောင့် အခြေအနေက ပိုဆိုးနေပါတယ်။
ယူကရိန်းအစိုးရနဲ့ အနောက်အုပ်စုက ရုရှားဟာ ခွဲထွက်ရေး သူပုန်တွေကို စစ်ကူနဲ့ လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲထားပြီး ရုရှားက ငြင်းဆန်ထားပါတယ်။
ရုရှားစကားပြောတဲ့ လူဦးရေ အများစု ရှိနေတဲ့ ဒေသကို ကာကွယ်ပေးဖို့ ရုရှားအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုနေပါတယ်။ ဧပြီလလယ်က စတင်တဲ့ ယူကရိန်းအရှေ့ပိုင်း ပဋိပက္ခအတွင်း လူ သုံးထောင့်ခြောက်ရာကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။