Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ကိုရီးယားစစ်ပွဲအတွင်း ကျဆုံး တရုတ်စစ်သား ၄၃၇ ဦး၏ရုပ်ကြွင်းများ ပြန်ပို့

$
0
0

၁၉၅၀ – ၅၃ ကိုရီးယားစစ်ပွဲအတွင်း ကျဆုံးခဲ့တဲ့ တရုတ်စစ်သား ၄၃၇ ယောက်ရဲ့ ရုပ်ကြွင်းတွေကို ယာယီ အရိုးအိုးဗိမာန်ကနေ တရုတ်နိုင်ငံကို ပြန်ပို့ဖို့ လေဆိပ်ကို ဒီနေ့ လွှဲပြောင်းပေးနေတယ်။

korea armyမြောက်ကိုရီးယားနဲ့ နယ်စပ် ပါဂျူက စစ်တပ်အခြေစိုက်စခန်းမှာ ရှိတဲ့ အရိုးအိုးဗိမာန်ကနေ ရုပ်ကြွင်းတွေ ထည့်ထားတဲ့ သစ်သား သေတ္တာတွေ ကို တောင်ကိုရီးယား စစ်သည်တွေက ဘတ်စ်ကား ၁၅ စီး ပေါ် တင်ဆောင်ပြီး ဆိုးလ်မြို့ပြင်က အင်ချုံ နိုင်ငံတကာလေဆိပ်ကို ပို့ဆောင်တာ ဖြစ်ပါတယ်။

၂၀၁၃ ဒီဇင်ဘာလက တရုတ်စစ်သားတွေရဲ့ ရုပ်ကြွင်းတွေကို တူးဖော်ခဲ့ပြီး ဒီနှစ် ဇန်န၀ါရီနဲ့ ဖေဖော်ဝါရီ ၂ လလုံး သူတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာ ခွဲခြားစိစစ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးက မြောက်ကိုရီးယား ဘက်ကနေ တိုက်ပေးခဲ့တဲ့ တရုတ်စစ်သည်တွေရဲ့ ရုပ်ကြွင်းတွေကို တရုတ်နဲ့ တောင်ကိုရီးယား ၂ နိုင်ငံ ချစ်ကြည်ရေးသင်္ကေတအဖြစ် ပြန်ပေးချင်တယ်လို့ ကမ်းလှမ်းခဲ့ပြီး တရုတ်အစိုးရက အဆိုပြုချက်ကို လက်ခံခဲ့တယ်လို့ တောင်ကိုရီးယားရဲ့ ယွန်ဟတ်သတင်းဌာနက ရေးပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနကတော့ အရိုးအိုးတွေကို မူရင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို မတ် ၂၈ ရက်နေ့မှာ ပြန်ပို့မယ်လို့ ပြောပါတယ်။

ကွန်မြူနစ်ဝါဒကို လက်ခံတဲ့ မြောက်ပိုင်း ကိုရီးယားတပ်တွေဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်တဲ့ ဆင်မန်ရီ ဦးဆောင်တဲ့ တောင်ပိုင်းကို အံ့အားသင့်စေတဲ့ ရုတ်တရက် တိုက်ခိုက်မှုကြောင့် ၁၉၅၀ ဇွန် ၂၅ ရက်နေ့မှာ ကိုရီးယားစစ်ပွဲ စတင် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားဘက်မှာ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂ မဟာမိတ်တပ်တွေ၊ ဆိုဗီယက်ရုရှားနဲ့ တရုတ်တို့က ကျောထောက်နောက်ခံပေးထားတဲ့ မြောက်ကိုရီးယားတို့ကြား ဖြစ်ပွားခဲ့တဲ့စစ်ပွဲလည်း ဖြစ်ပါတယ်။

၃ နှစ်ကြာ ကိုရီးယားစစ်ပွဲအတွင်း အရပ်သားနဲ့ စစ်သည် ၃ သန်း သေဆုံးခဲ့ပြီး လူ ၅ သန်း ဒုက္ခသည်တွေ ဖြစ်ခဲ့ရပါတယ်။

တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံဟာ ပဋိပက္ခကို အပစ်အခတ် ရပ်စဲရင်း အဆုံးသတ် ခဲ့ပေမယ့် ငြိမ်းချမ်းရေးစာချုပ် မချုပ်ဆိုခဲ့တာကြောင့် နိုင်ငံရေးသဘောတရားအရ စစ်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။


Viewing all articles