Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဆီးဂိမ်းသတင်းဖြန့်ချိရေး ဒေါ်လာ ၆ သန်းကျော် အသုံးပြု

$
0
0

၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကာလမှာ ပြည်တွင်းနဲ့ ပြည်ပမီဒီယာတွေ သတင်း ဖြန့်ချိနိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတော်ဘတ်ဂျက် အမေရိကန်ဒေါ်လာ ၆ သန်းကျော် အကုန်အကျခံ သုံးစွဲခဲ့ပါတယ်။

SeaGamesCloseကျင်းပ ပြီးစီးသွားတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံတကာ ရုပ်သံမီဒီယာတွေကို အားကစားနည်း ၁ မျိုးချင်းအလိုက် ရုပ်သံ စုစည်းပေးပို့ခြင်းနဲ့ နိုင်ငံအလိုက် ရုပ်သံ ပေးပို့ ဆောင်ရွက်ပေးခြင်း တွေကနေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ ရရှိခဲ့ပေမယ့် ကုန်ကျစရိတ်ကတော့ ၆ သန်းကျော်လောက် ရှိခဲ့တယ်လို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းကြည်က ပြောပါတယ်။

“ဖွင့်ပွဲ ပိတ်ပွဲမှာ ကျနော်တို့ ဘာမှ ပူစရာမလိုဘူး။ သူတို့ ပစ္စည်းအကုန် ယူလာတယ်။ ဒီမှာ ရိုက်တယ်၊ ပစ္စည်းတွေ ၀ယ်တဲ့ဟာ အပါအ၀င် ၆ ဒဿမ ၁၇ မီလျံ ရှိတယ်။ MCR နဲ့ CER မှာ ရှိတဲ့ စက်ပစ္စည်းတွေ နောက်တခါ ဖွင့်ပွဲ ပိတ်ပွဲမှာ ရိုက်သွားတဲ့ ကင်မရာတွေ၊ နောက် ကျန်တဲ့ပစ္စည်းတွေက ၃ ဒဿမ ၅ လောက်ရှိတယ်။ အားလုံးပေါင်း သုံးရတာက ၆ ဒဿမ ၁၇ မီလျံ ရှိပေမယ့် ပြန်ပြီးရတဲ့ငွေ ၁ ဒဿမ ၅ အပါအ၀င် လှူသွားတဲ့ ပစ္စည်းတွေက ၅ မီလျံလောက် ပြန်ဝင်တယ်။”

ဆီးဂိမ်း ဖွင့်ပွဲ၊ ပိတ်ပွဲနဲ့ ပြေးခုန်ပစ် ရိုက်ကူးရေးအပါအ၀င် ပြည်တွင်းနဲ့ ပြည်ပသတင်း မီဒီယာတွေ သတင်းအချက်အလက် ရယူနိုင်တဲ့ မဏိရတနာကျောက်စိမ်းခန်းမ ပြင်ဆင်မှု အပိုင်းတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ပြည်တွင်းကုမ္ပဏီ တခုဖြစ်တဲ့ မက်ဂါလင့် (Megalink) ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၅ ဒဿမ ၉ သန်းနဲ့ အစိုးရက ကန်ထရိုက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

သတင်းဖြန့်ချိရေးလုပ်ငန်းတခုလုံးကို ကန်ထရိုက်ရခဲ့တဲ့ မက်ဂါလင့်ကုမ္ပဏီက စီမံရေးဒါရိုက်တာ ဦးလင်းအောင်က ငွေကြေး အကျိုးအမြတ်မကြည့်ဘဲ နာမည်ရအောင် လုပ်ပေးခဲ့တာလို့ ပြောပါတယ်။

“အကျိုးအမြတ်တော့ ရှိတာမဟုတ်ဘူး။ အခုမှ ဈေးကွက်ထဲ ၀င်လာတဲ့အတွက် အစ်ကိုတို့ နာမည်ရချင်လို့ ကြိုးစားပြီး လုပ်တာပါ။ ငွေရေးကြေးရေးက အကျိုးအမြတ်က မရှိသလောက်ပါပဲ။ ကျနော်တို့ နိုင်ငံတော်ကို ၃ ဒဿမ ၅ သန်းဖိုး လှူထားတာပါ။ စက်ပစ္စည်းတွေအားလုံးကို မြန်မာ့ အသံကို လှူခဲ့တာပါ။ အရင်းကြေမယ်ဆိုရင်တော့ ကံကောင်းပေါ့ဗျာ။ ကိုယ်တို့ ရိုက်တာက ဖွင့်ပွဲ ပိတ်ပွဲနဲ့ ပြေးခုန်ပစ် ပြိုင်ပွဲတွေပဲ ရိုက်တာပါ။”

ဆီးဂိမ်းပြိုင်ပွဲအပြီးမှာ အမေရိကန်ဒေါ်လာ ၃ သန်းခွဲ တန်ဖိုးရှိတဲ့ ရုပ်သံရိုက်ကူး ထုတ်လွှင့်စက်တွေကို မက်ဂါလင့်က ပြန်ကြားရေးဝန်ကြီးဌာနကို လှူဒါန်းခဲ့ပြီး ဒီ စက်ပစ္စည်းတွေကို နေပြည်တော်တပ်ကုန်းရှိ ပြန်ကြားရေးဌာနမှာ ရုပ်သံထုတ်လွှင့်ခန်း အသစ်တခု တည်ဆောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြီးစီးခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ နိုင်ငံတကာက မီဒီယာသမားပေါင်း ၆၀၀ ကျော် သတင်းရယူခဲ့ကြပါတယ်။


Viewing all articles