စကော့တလန်နိုင်ငံရဲ့ အကြီးဆုံး ဂလက်စဂိုမြို့မှာ နိုဝင်ဘာ ၂၉ ရက် နေ့ည ၁၀ နာရီခွဲလောက်က ရဲရဟတ်ယာဉ်တစင်း စားသောက်ဆိုင်ခေါင်မိုးပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။
စားသောက်ဆိုင်ထဲကနေ အပြင်ကိုထွက်ဖို့ ကြိုးစားနေတဲ့ သူတွေဟာ အပျက်အစီးတွေနဲ့ ဖုန်မှုန့်တွေကြားမှာ ပိတ်မိနေခဲ့ကြပါတယ်။
ရဟတ်ယာဉ်ပျက်ကျပြီး မကြာခင်မှာ အဲ့ဒီကိုရောက်သွားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဂျင်မာဖီက သူရောက်သွားချိန်မှာ စားသောက်ဆိုင်အပြင်မှာ လူတွေအုံနေပြီး စားသောက်ဆိုင်ခေါင်မိုးကနေ ဖုန်မှုန့်တွေ ထွက်လာကြောင်း ပြောပါတယ်။
အဲ့ဒီမှာ လူတချို့ အော်ဟစ်အကူအညီ တောင်းနေသံကြားရပေမယ့် ထိတ်လန့်ပြီး ၀ရုန်း သုန်းကားဖြစ်တာမရှိဘဲ တိတ်ဆိတ်နေခဲ့ပြီး အရေးပေါ်ကယ်ဆယ် ရေးအဖွဲ့တွေ ရောက်မလာခဲ့သေးဘူးလို့ ပြောပါတယ်။ အနားမှာ ရှိနေတဲ့လူတွေ အားလုံးက ၀င်ကယ်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ယောက်ျားတွေအများစုပါတဲ့ လူတွေက လက်ချင်းချိတ်ပြီး စားသောက်ဆိုင်ရဲ့ အပျက်အစီးတွေနဲ့ ဖုန်မှုန့်တွေကြားထဲက ဒဏ်ရာရသူတွေကို ၀င်ကယ်ဖို့ကြိုးစားခဲ့ကြပါတယ်။ ဒဏ်ရာရသူ ၁၀ယောက်လောက် သူမြင်ခဲ့ပြီး အများစုက ခေါင်းမှာ ဒဏ်ရာရထားသူတွေလို့ လည်း ပြောပါတယ်။
ရဲအရာရှိ ၂ ယောက်နဲ့ အရပ်သား ရဟတ်ယာဉ်မောင်းတယောက်ပါတဲ့ ပေလေးဆယ် ရှည်တဲ့ ရဟတ်ယဉ်ဟာ Clutha ခလူသာ စားသောက်ဆိုင်ခေါင်မိုးပေါ်ကို ပျက်ကျသွားပြီး ခေါင်မိုးရဲ့အပိုင်းတချို့ ပျိုကျသွားခဲ့ပေမယ့် ရဟတ်ယာဉ်ဟာ မီးမလောင်သွားခဲ့ပါဘူး။
အဲ့ဒီအချိန် ဆိုင်ထဲမှာ ဂီတ၀ိုင်းတခု ဖျော်ဖြေတာကို နားထောင်နေတဲ့ လူ ၁၀၀ ကျော် ရှိနေခဲ့ပြီး ရဟတ်ယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘူးလို့ ရဲတွေကပြောပါတယ်။
သေဆုံးဒဏ်ရာရသူရှိတယ်လို့ပဲ စကော်တလန် ဒုရဲချုပ်ကပြောခဲ့ပြီး အရေအတွက်ကိုတော့ မပြောနိုင်ခဲ့ပါဘူး။ အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေဟာ ၅ နာရီကြာအောင် လူတွေကို ကယ်ဖို့ ကြိုးစားနေခဲ့ကြပါတယ်။