ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ဆီးရီးယားနိုင်ငံနဲ့ ပတ်သက်လို့ ဂျီနီဗာ အမှတ် ၂ ညီလာခံကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်မှာ ကျင်းပမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက် တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မစ္စတာဘန်ကီမွန်းက ပဏာမအဆင့် ပြင်ဆင်ပေးတဲ့ ရုရှားနဲ့ အမေရိကန်နဲ့ ကုလအဖွဲ့ဝင် နိုင်ငံတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းနဲ့ အထူးကိုယ်စားလှယ် မစ္စတာ လက်ရှ်ဒါဘရာဟီမီရဲ့ အားကြိုးမာန်တက် ကြိုးပမ်းမှုတွေကို ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။
ညီလာခံဟာ ဆီးရီးယားတွေ အားလုံးအတွက် လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာအတွက် တရားဝင် ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးမယ့် ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းမှုကို သယ်ဆောင်ပေး သွားမယ့် ယာဉ်တခု ဖြစ်လာမယ်လို့ ဇောင်းပေး ပြောဆိုခဲ့ပါတယ်။
ဒါဟာ ဆီးရီးယားနိုင်ငံက လူ့အဖွဲ့အစည်းအားလုံးကို လုံခြုံမှုနဲ့ ကာကွယ်မှုတွေအတွက် အာမခံချက် ရစေမှာလည်း ဖြစ်တယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂ အရာရှိချုပ်က ဆီးရီးယားကိုယ်စားလှယ်တွေဟာ ဂျီနီဗာကို “ရည်မှန်းချက်ကို ရှင်းရှင်းလင်းလင်း နားလည်ပြီး လေးနက်တဲ့ ဆန္ဒတွေနဲ့ အတူ” လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီး ၉ သန်းနီးပါးကို အိုးအိမ်မဲ့ ဖြစ်စေကာ ဒေသတခုလုံးကို မတည်မငြိမ်ဖြစ်စေခဲ့တဲ့ စစ်ပွဲ အဆုံးသတ်စေဖို့ လာရောက်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဆုံးဖြတ်ချက် ၂၁၁၈ အရ ဂျီနီဗာ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ လုံခြုံရေးကောင်စီက အခွင့်အာဏာ ပေးအပ်ထားတာကို မှတ်ချက်ပြုရင်း မစ္စတာ ဘန်ကီမွန်းက ဒေသဆိုင်ရာနဲ့ နိုင်ငံတကာ မဟာမိတ်တွေအားလုံးအနေနဲ့ အပြုသဘောဆောင်တဲ့ ညှိုနှိုင်း ဆွေးနွေးမှုအတွက် အဓိပ္ပာယ်ရှိတဲ့ ပံ့ပိုးမှုတွေ ပေးကြဖို့ နှိုးဆော်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၂၀၁၂ ခုနှစ် ဇွန် ၃၀ ရက်နေ့က ဒီကိစ္စနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ အစည်းအဝေးအပြီးမှာ လက်ခံထားတဲ့ ဂျီနီဗာ သဘောတူညီချက်ဟာ လပေါင်း ၃၀ ကျော် ကြာနေပြီ ဖြစ်တဲ့ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ အဓိကကျတဲ့ အဆင့်တွေကို ချပြထားပါတယ်။
အဲဒီထဲမှာ စီမံခန့်ခွဲမှု အာဏာ အပြည့်အ၀ ရှိပြီး လက်ရှိ အစိုးရ၊ အတိုက်အခံတွေနဲ့ အခြား အုပ်စုတွေ ပါဝင်တဲ့ ယာယီအစိုးရတရပ်ကို ဖွဲ့စည်းထူထောင်ဖို့နဲ့ ဆီးရီးယား ဦးဆောင်တဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုအတွက် အခြေခံမူတွေနဲ့ လမ်းညွှန်ချက်တွေ သဘောတူ ထားပါတယ်။
ပြီးခဲ့တဲ့ မေလက အမေရိကန်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေ မော်စကိုမှာ တွေ့ဆုံပြီးနောက်မှာ အဲဒီ နှစ်နိုင်ငံက ဆီးရီးယား ပြဿနာအတွက် နိုင်ငံရေးအဖြေ ရရှိအောင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါ့အပြင် အဲဒီ ရည်မှန်းချက်ရဖို့ ဂျီနီဗာမှာ နောက်ထပ် နိုင်ငံတကာ ညီလာခံတရပ်ကိုလည်း ကျင်းပသွားဖို့ သဘောတူညီခဲ့ကြပါတယ်။
အဲဒီအချိန်က စလို့ ကုလသမဂ္ဂ၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့ဟာ ဆီးရီးယား ညီလာခံ ကျင်းပနိုင်ဖို့ သုံးပွင့်ဆိုင် အစည်းအဝေးတွေကို ဇွန်နဲ့ နိုဝင်ဘာလတွေမှာ ပြုလုပ်ခဲ့ပါတယ်။
ဘယ်အချိန်မှာ အစည်းအဝေး ကျင်းပရင် အကောင်းဆုံးဖြစ်မယ်၊ ဘယ်လို ပုံစံနဲ့ အစည်းအဝေးကို ကျင်းပသင့်တယ် ဆိုတာနဲ့ ဆွေးနွေးရမယ့် မေးခွန်းတွေ အပေါ်မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။