ကရင်အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ ကရင်ရေးရာ အစည်းအဝေးကနေပြီး ကရင်အမျိုးသား အနာဂတ်ဘ၀လှပဖို့အတွက် ကော်မတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။
တက်ရောက်လာတဲ့သူတွေထဲကနေ အဖွဲ့ဝင် ၃၇ ဦးပါတဲ့ ကရင်အမျိုးသား စည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်းလိုက်တာဖြစ်ပြီးတော့ အစည်းအဝေးက ဆွေးနွေးတာတွေကို အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။

မန်းငြိမ်းမောင်
ဒီအစည်းအဝေးကို ဘားအံမြို့ ဇွဲကပင်ခန်းမမှာ မတ် ၂၉ ရက်ကနေ ၃၀ ရက်ထိ ၂ ရက်တာ ကျင်းပခဲ့တာ ဖြစ်ပြီး ဒီလိုလုပ်ဆောင်ရတာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တဦးဖြစ်တဲ့ မန်းငြိမ်းမောင်က အခုလို ပြောပါတယ်။
“ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်ရေးကို စတင်ပြီးတော့ ပြုလုပ်တဲ့ အစည်းအဝေးဖြစ်တယ်။ ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်မှု ဘာကြောင့်လိုအပ်လဲဆိုရင် အစိုးရနဲ့က ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ ကရင်တမျိုးသားလုံးဟာ စည်းစည်းလုံးလုံးနဲ့ ပြန်လည်စည်းလုံးနိုင်မှသာလျှင် တမျိုးသားလုံးရဲ့အသံနဲ့ ဆန္ဒကို တစုတစည်းတည်း ဖော်ပြနိုင်မယ်။ အဲလိုရည်ရွယ်ချက်နဲ့ ဦးတည်ဆောင်ရွက်တာဖြစ်တယ်။ ကရင့်အင်အားစုထဲမှာလည်း အကွဲကွဲအပြဲပြဲဖြစ်နေလို့ ဒါကိုလည်း အမျိုးသားဂုဏ်သိက္ခာအရ ပြန်စုစည်းဖို့၊ ကျနော်တို့ ဘ၀ တောင်းဆိုမှုအရပေါ့။ အဓိက အင်အားစု ၂ ရပ်ရှိတယ်။ ကရင့်လက်နက်ကိုင်အင်အားစုထဲမှာ လက်နက်ကိုင်အဖွဲ့တွေ ပြန့်ကျဲနေတယ်။ ဒါတွေကို ကျနော်တို့ တစုတစည်းတည်း ပြန်စုစည်းဖို့လိုတယ်။ နောက် နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ ဒါတွေလည်း အများကြီးကွဲပြားနေတော့ ဒါတွေကိုလည်း ပြန်စုစည်းဖို့လိုတယ်။ ဒီလိုအစည်းအဝေးကြီးတွေကနေ မကြာမကြာ ဆောင်ရွက်ပြီး စုစည်းသွားဖို့လိုတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စုစည်းတာဖြစ်တယ်။”
စည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ကရင်အမျိုးသားတွေရဲ့ ရှေ့ရေးကိစ္စတွေကို ဆွေးနွေးခဲ့တဲ့ ဒီအစည်းအဝေးကနေ သဘောထားကြေညာချက်ကို ထုတ်ပြန်လိုက်ပြီး စာပေယဉ်ကျေးမှုနဲ့ ဘာသာစကားဆိုင်ရာတွေအတွက် ရှေ့လုပ်ငန်းတွေကိုလည်း ချမှတ်ခဲ့ပါတယ်။
ဒီအစည်းအဝေးကို ကေအန်ယူနဲ့ ဒီကေဘီအေအပါအ၀င် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ကရင်နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးနဲ့ နွယ်တဲ့ အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ ကရင်လွှတ်တော်အမတ်များ၊ ကရင်ပြည်နယ်အစိုးရ၀န်ကြီးနဲ့ အစိုးရပိုင်းဆိုင်ရာ အစုအဖွဲ့တွေလည်း ဒီပွဲကို တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။