Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ပါဠိညီလာခံ ရှမ်းပြည်နယ်တွင် ကျင်းပ

$
0
0

နိုင်ငံတကာ ပါဠိဘာသာကျွမ်းကျင် ပညာရှင်တွေပါဝင်တဲ့ အပြည်ပြည်ဆိုင်ရာ ပါဠိညီလာခံတခုကို ရှမ်းပြည်နယ် တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းတိုက်မှာ ဒီဇင်ဘာလ ၁၈ ကနေ ၁၉ ရက်ထိ ၂ ရက်တာ ကျင်းပနေပါတယ်။

ထိုင်း၊ အိန္ဒိယ၊ လာအို၊ အင်္ဂလန်၊ သီရိလင်္ကာ၊ စင်ကာပူ၊ မြန်မာ အစရှိတဲ့ နိုင်ငံတွေက  ပါဠိပညာရှင်တွေနဲ့ လေ့လာသူ ရဟန်းသံဃာတွေရော လူပုဂ္ဂိုလ်တွေပါ ဗုဒ္ဓဘုရား ရှင်ဟောကြားတော်မူတဲ့ ပိဋကတ် ၃ ပုံ၊ နိကာယ် ၅ ရပ် အစရှိတဲ့ တရားတော်ထဲက လေ့လာတွေ့ရှိချက်တွေကို ဟောပြောဖလှယ်နေတာလို့  ညီလာခံကျင်းပရေးအဖွဲ့ ပြောခွင့်ရ  အရှင် ပညာဘောဂက ဒီဗွီဘီကို မိန့်ပါတယ်။

10420360_740455876039483_7254774323236476975_n“အရင်တုန်းက ပါဠိဘာသာ သင်ကြားပြီးရင် အသုံးချလို့မရဘူး ဆိုတဲ့အမြင်မျိုးတွေ ရှိခဲ့တယ်။ အခုနောက်ပိုင်းတော့ ပါဠိကို ရဟန်းသံဃာတင်သာမက လူပုဂ္ဂိုလ်တွေပါ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်သူအဖြစ် လေ့လာသင်ယူလာကြပါတယ်။ မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေဟာ ပါဠိလို ရေးထားတာလေ၊ ပါဠိအက္ခရာ တင်ထားတာပေါ့။ ဒါကြောင့်မို့ မြတ်စွာဘုရားရဲ့ အဆိုအမိန့်၊ ဆုံးမစကား တရားတော်တွေကို အနှစ်သာရရှိရှိ ကောင်းကောင်း နားလည်ချင်ရင် ပါဠိဘာသာကို ကောင်းကောင်းမွန်မွန် တတ်မှ ဖြစ်ပါမယ်။ အထူးသဖြင့် ပြည်တွင်းပြည်ပ သာသနာပြုနေတဲ့ ပုဂ္ဂိုလ်တွေဟာ ပိုပြီး အရေးကြီးပါတယ်။ ပါဠိမတတ်ဘဲနဲ့ ထပ်ဆင့်ရေးသားတဲ့ အတွေးအမြင်တွေကို ဖတ်မိရင် မူရင်းအဓိပ္ပာယ်နဲ့ လွှဲမှားနိုင်တယ်။”

ပါဠိစာတမ်းဖတ်ပွဲမှာ တရားဒေသနာ ဖွင့်ဆိုချက်တွေအပြင် ၁၉ ရာစုနဲ့ ၂၀ ရာစုအတွင်း လောကီအကျိုးရော၊ လောကုတရာအကျိုးပါ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ ထူးချွန်သူ သံဃာတော်တွေရဲ့ အတ္ထုပ္ပတ္တိတွေပါ ဖတ်ကြားခဲ့ပါတယ်။

ဒီညီလာခံကို  ရှမ်းပြည်နယ်ဖွား အင်္ဂလန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဒသာသနာပြု အောက်စ်ဖို့တက္ကသိုလ်ပါမောက္ခ ဆရာတော် ဒေါက်တာခမ်းမိုင် ဓမ္မသာမိရဲ့ ရွှေရတုမွေးနေ့ အထိမ်းအမှတ်အဖြစ်လည်း ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာများအဖွဲ့က ဦးစီးကျင်းပနေတာပါ။

ဆရာတော် ဒေါက်တာ ခမ်းမိုင်ဓမ္မသာမိဟာ ရှမ်းပြည်တောင်ပိုင်း လဲချားမြို့ နောင်ပန်ကျေးရွာမှာ မွေးဖွားခဲ့ပြီး ငယ်စဉ်ကတည်းက သာသနာ့ဘောင်ဝင်ခဲ့ကာ မြန်မာ၊ ထိုင်း ၊ သီရိလကာင်္ာနဲ့ အင်္ဂလန်နိုင်ငံတွေမှာ ပညာသင်ကြား ပါရဂူဘွဲ့ရရှိခဲ့ပါတယ်။

ဆရာတော်ဟာ ရှမ်းပြည်နယ်မှာ ပညာရေးဖောင်ဒေးရှင်း၊ ဓမ္မစာသင်ကျောင်းတွေ တည်ထောင်ခဲ့သလို လက်ရှိ တောင်ကြီးမြို့မှာ နိုင်ငံတကာ ဗုဒ္ဒတက္ကသိုလ်ဖွင့်လှစ်ဖို့ ကြိုး ပမ်းနေသူဖြစ်တဲ့အတွက် ရဟန်းရှင်လူပြည်သူတွေ ပူးပေါင်းပြီး ဆရာတော်ရဲ့ နှစ် ၅၀ ပြည့်မွေးနေ့ပွဲကို  ဇာတိလဲချားမှာ ဒီဇင်ဘာ ၂၀ မှ ၂၇ ရက်နေ့ထိ  ၁ ပတ်ကြာ ဂုဏ်ပြုကျင်းပဖို့ရှိနေပါတယ်။

အဲဒီပွဲတော်မှာ ဗုဒ္ဓ၀င်ပြခန်း၊ ရှမ်းပုရပိုဋ် ညီလာခံ၊ စေတီထီးတင်ပွဲ၊ သံဃဆေးရုံသစ်ဖွင့်ပွဲ၊ မျက်စိနဲ့သွားဘက်ဆိုင်ရာ ဆရာဝန်တွေရဲ့ အခမဲ့ဆေးကုသပေးတာတွေနဲ့ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားဖို့ အစီစဉ်ရှိပါတယ်။

The post ပထမဆုံးအကြိမ် အပြည်ပြည်ဆိုင်ရာ ပါဠိညီလာခံ ရှမ်းပြည်နယ်တွင် ကျင်းပ appeared first on DVB.


Viewing all articles