Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

လွှတ်တော် အရပ်ရပ်နား၊ ရှေ့နှစ်ဆန်း ပြန်ကျင်းပမည်

$
0
0

နှစ်လကျော်ကြာကျင်းပခဲ့တဲ့ ၁၁ ကြိမ်မြောက်လွှတ်တော်အရပ်ရပ်ကို နိုဝင်ဘာ ၂၈ ရက်မှာ ခေတ္တရပ်နားလိုက်ပြီး ၁၂ ကြိမ်မြောက်လွှတ်တော်ကို ၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီဒုတိပတ်ထဲ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။

အခု ရပ်နားလိုက်တဲ့ လွှတ်တော်အပါအ၀င် ကျင်းပပြုလုပ်ခဲ့သမျှ လွှတ်တော်အရပ်ရပ်မှာ ဥပဒေပေါင်း ၁၂၆ ခု ပြင်ဆင်ပြုစုရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး ဒီထဲ နည်းဥပဒေ မထွက်သေးတာ ၂၀ လောက်ရှိတယ်လို့ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

Parliment 12092014သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကတော့ ဒီတကြိမ်လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဖို့ ဆွေးနွေးခဲ့ကြတာနဲ့ ထိပ်သီး ၆ ယောက်တွေ့ဖို့ ဆုံးဖြတ်နိုင်ခဲ့တာ ထူးခြားတယ်လို့ ပြောပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပေဒ ပြင်ဆင်ရေးကော်မတီရဲ့ အစီရင်ခံစာ ကို ဆွေးနွေးပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်လိုက်တာကတော့ အရေးကြီးဆုံး ဆုံးဖြတ်ချက်လို့ ထင်ပါတယ်။ နောက် ဒုတိယအရေးကြီးတာကတော့ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့အပါအ၀င် ၆ ပွင့်ဆိုင်တွေ့ဖို့ လွှတ်တော်က အရေးကြီးအဆိုတင်ပြီး တိုက်တွန်းလိုက်နိုင်တာလည်း အရေးကြီးတဲ့ ကိစ္စတခုပေါ့။”

ဒါ့အပြင် ဒီတကြိမ်လွှတ်တော်အတွင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်အစီရင်ခံစာအပေါ် ဖြေရှင်းလုပ်ဆောင်နေမှုတွေကို သက်ဆိုင်ရာက လွှတ်တော်ထဲ လာရောက်ရှင်းပြခဲ့တာ၊ လာမယ့်နှစ်ဘတ်ဂျက်အတွက် အစိုးရနဲ့ လွှတ်တော် ညှိနှိုင်းရေးဆွဲနိုင်ခဲ့တာတွေ လုပ်နိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဒီတကြိမ် ပြည်ထောင်စုလွှတ်တော်ထဲ အရေးကြီးအဆို ၇ ခု တင်ခဲ့ကြပြီး အာဏာရပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်တာကို ကန့်ကွက်ရှုတ်ချကြောင်း အရေးကြီးအဆိုလည်း ပါဝင်ခဲ့ပါတယ်။

တခါ ကော့မှူးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရဌာနတွေအနေနဲ့ နည်းဥပဒေတွေ ဆောလျင်စွာထုတ်ပြန်ပေးဖို့ အရေးကြီးအဆိုတင်ခဲ့ပြီး လွှတ်တော်က အတည်ပြုပေးခဲ့တာလည်း တွေ့ရပါတယ်။

ရှေ့နှစ်ဆန်း ပြန်လည်ကျင်းပမယ့် လွှတ်တော်ထဲမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း တင်သွင်းပြီး ဖွဲ့စည်းပုံပြင်ဖို့ လွှတ်တော်ထဲ မဲခွဲ ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

The post လွှတ်တော် အရပ်ရပ်နား၊ ရှေ့နှစ်ဆန်း ပြန်ကျင်းပမည် appeared first on DVB.


Viewing all articles