Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မနော်ပွဲကို ကန့်ကွက်သည့် လက်မှတ် ပြည်နယ် ၀န်ကြီးချုပ်ထံပို့

$
0
0

ကချင်ပြည်နယ်မှာ အစိုးရက ကျင်းပဖို့ စီစဉ်ထားတဲ့ မနောပွဲကို ကန့်ကွက်တဲ့အနေနဲ့ လူ ၈၀၀၀ ကျော် လတ်မှတ်ရေးထိုးထားတဲ့ စာကို ပြည်နယ်ဝန်ကြီးချုပ်ထံ နိုဝင်ဘာ ၂၈ ရက်နေ့က ပေးပို့လိုက်ပါတယ်။

ဇန်န၀ါရီ ၅-၁၁ နေ့ အထိ မြစ်ကြီးနားမှာ ကချင်ပြည်နယ်နေ့နဲ့အတူ မနောပွဲ ကျင်းပဖို့ အစိုးရက စီစဉ်နေပေမယ့် မကျင်းပဖို့ အတွက် အခုလို ပေးပို့ခဲ့တာလို့ လတ်မှတ်ရေးထိုးရာမှာ ဦးဆောင် လှုပ်ရှားသူ ဦးဂွမ်ဂျာနော်က ပြောပါတယ်။

၂၀၁၀ ပြည့်နှစ်က မြစ်ကြီးနာမြို့တွင် ကျင်းပသည့် မနောပွဲ မြင်ကွင်း (ဓာတ်ပုံ – ရိုက်တာ)

၂၀၁၀ ပြည့်နှစ်က မြစ်ကြီးနာမြို့တွင် ကျင်းပသည့် မနောပွဲ မြင်ကွင်း (ဓာတ်ပုံ – ရိုက်တာ)

ကချင်ပြည်နယ်နေ့ ကျင်းပတာကို ကန့်ကွက်တာ မဟုတ်ဘဲ မနောပွဲ ကျင်းပတာကို ကန့်ကွက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီမနောပွဲဆိုတာကတော့ ကျနော်တို့ ကချင်လူထုတွေရဲ့ အထွတ်အထိပ်ထားတဲ့ ယဉ်ကျေးမှုတခုပေါ့။ ဒီနေ့ ကျနော်တို့ ကချင်ပြည်နယ် မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေအရ ကျနော်တို့အားလုံးနဲ့သက်ဆိုင်တဲ့ ပွဲကြီးကို မကျင်းပဖို့ ကန့်ကွက် တာ ဖြစ်ပါတယ်” လို့ ဦးဂွမ်ဂျာနော်က ပြောပါတယ်။

ကချင်လူမျိုးတွေက မနောပွဲကို အောင်မြင် ပျော်ရွှင် ကြွယ်ဝမှု အထိမ်းအမှတ်အနေနဲ့ကျင်းပတာ ဖြစ်တဲ့အတွက် မတည်ငြိမ်တဲ့အချိန်မှာ မကျင်းပလိုကြတာလို့ ပါဝင်လတ်မှတ်ရေးထိုးသူ ကိုဆင်ဝါးနော်က ပြောပါတယ်။

အစိုးရ စစ်တပ်က ကချင်လွတ်မြောက်ရေး တပ်မတော် ဗိုလ်သင်တန်းကျောင်းကို နိုဝင်ဘာ ၁၉ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သင်တန်းသား ၂၃ ဦး သေဆုံးခဲ့တဲ့နောက် အခြေအနေ တင်းမာခဲ့ပြီး နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့အတွက် မကျင်းပသင့်ကြောင်းလည်း ဆိုပါတယ်။

“မလုပ်စေချင်ဘူးဆိုတာ လူထုရဲ့သဘောထား၊ အစိုးရဘက်ကတော့ လုပ်မှာပဲ။ အခုဒီမနောပွဲမှာ ကုန်ကျမယ့်စရိတ်ကိုလည်း အနည်းဆုံးက သိန်း ၄ ထောင်အထက်ပေါ့နော် ကုန်ကျဖို့ရှိတယ်။ ပြောချင်တာက နိုင်ငံတော် အစိုးရကနေ ကချင်ပြည်နယ်မှာ ဒုက္ခသည်တွေ သိန်းချီပြီး ရှိနေတာတောင်မှ အစိုးရကနေ သိန်း ၄၀၀၀ ဆိုတာ ကူညီဖူးတာ မဟုတ်ဘူးပေါ့နော်။ ၄-၅ ရက်လုပ်မယ့်ဟာကို ဒီလောက်ကုန်ကျခံနေတယ်ပေါ့။ နိုင်ငံရေး တည်ငြိမ်မှုမရှိတဲ့ အချိန်မှာ ပျော်ပွဲရွှင်ပွဲလုပ်တယ် ဆိုတာက အဓိပ္ပာယ်မရှိဘူး” လို့ ရှေ့နေ ကိုမာခါးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ မနော်ပွဲတွေကို ၂၀၁၁ ခုနှစ်က နောက်ဆုံးကျင်းပခဲ့တာ ဖြစ်ပါတယ်။

The post မနော်ပွဲကို ကန့်ကွက်သည့် လက်မှတ် ပြည်နယ် ၀န်ကြီးချုပ်ထံပို့ appeared first on DVB.


Viewing all articles