အင်္ဂါနေ့ညမှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်တွေမှာ နောက်တဆင့်ကို တက်နိုင်ဖို့ အဆုံးအဖြတ်ပေးမယ့် ပွဲစဉ်တွေ ပါဝင် နေပါတယ်။ အဲဒီထဲမှာ အုပ်စု (အေ)က မန်စီးတီး၊ စီအက်စ်ကေအေနဲ့ ရိုးမားအသင်းတို့ဟာ ဒီညပွဲမှာ အနိုင်ရမှ အုပ်စုကနေ တက်ဖို့ မျှော်လင့်နိုင်မှာပါ။
ချန်ပီယံလိဂ်မှာ နိုင်ပွဲမရှိသေးတဲ့ မန်စီးတီးဟာ အိမ်ကွင်းမှာ နာမည်ကြီး ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမှာပါ။ ဒီပွဲမှာ အသင်းအတွက် အားထားရတဲ့ ကွင်းလယ်သမားတွေဖြစ်တဲ့ တိုရေးနဲ့ ဖာနန်ဒင်ဟိုတို့ ပွဲပယ်ခံထားရလို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဘိုင်ယန်က ကစားထားတဲ့ ၄ ပွဲလုံး အနိုင်ရထားပြီး ၁၂ မှတ်နဲ့ အုပ်စုကနေ တက်သွားပေမယ့် စီးတီးကတော့ ၂ မှတ်နဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
စီးတီး နည်းပြ ပယ်လီဂရီနီကတော့ သူ့အသင်းဟာ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး ချန်ပီယံလိဂ် အုပ်စုကနေ ကျွတ်ဖို့ ယုံကြည်ထားတယ်လို့ ပြောပါတယ်။ ဘိုင်ယန်မြူးနစ် နည်းပြ ဂွါဒီယိုလာကတော့ သူ့အသင်းက အုပ်စုကနေ တက်သွားပေမယ့်လည်း စီးတီးနဲ့ ပွဲမှာ အကောင်းဆုံး ခြေစွမ်းမျိုးနဲ့ ယှဉ်ပြိုင်သွားမယ်လို့ ပြောဆိုထားပါတယ်။
The post ယနေ့ည ချန်ပီယံလိဂ် အုပ်စုပြိုင်ပွဲ အဆုံးအဖြတ်ပေးမည့် ပွဲစဉ်များ ပါဝင် appeared first on DVB.