Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မန္တလေး အစိမ်းရောင်မြို့ဖြစ်ရန် စတင်လုပ်ဆောင်

$
0
0

မန္တလေးမြို့ကို အစိမ်းရောင်မြို့အဖြစ် တည်ဆောက်ဖို့ IGES လို့ ခေါ်တဲ့ The Institute for Global Environmental Strategies ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒဆိုင်ရာအဖွဲ့ အပါအ၀င် အဖွဲ့ ၃ ဖွဲ့ပေါင်းပြီး မြို့လူထုပညာပေးလုပ်ငန်းတွေ သရုပ်ပြခဲ့ကြတယ်လို့ မန္တလေး စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာန ဌာနမှူး ဦးနေ၀င်းမြင့်က ပြောပါတယ်။

ဓာတ်ပုံ - bedzle

ဓာတ်ပုံ – bedzle

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒဆိုင်ရာအဖွဲ့၊ ပြင်သစ်အခြေစိုက်  SUEZ Environment အဖွဲ့နဲ့ ဂျပန်နိုင်ငံ ကီတာကျူရှုး(kitakyushu)မြို့ အစိုးရအဖွဲ့တို့က ကိုယ်စားလှယ် ၇ ယောက်ဟာ မန္တလေးမြို့ကို ရောက်ရှိနေပြီး အစိမ်းရောင်မြို့ဖြစ်ပေါ်ရေး လူထုပညာပေး လုပ်ငန်းတွေ သရုပ်ပြနေကြတာ ဖြစ်ပါတယ်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို အထောက်အကူပြုတဲ့ အမှိုက်ခွဲခြား စွန့်ပစ်တာမျိုးကို သူတို့ထဲက ၄ ယောက်က မနေ့က ပညာပေး သရုပ်ပြခဲ့ကြတယ်။ ကီတာကျူရှုး မြို့မှာ ၁၉၆၀ ခုနှစ်တုန်းက သံမဏိစက်ရုံအပါအ၀င် စက်ရုံအတော်များများကို ပြန်လည်ထူထောင်ရေး လုပ်ခဲ့တုန်းက စက်ရုံက ထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ဘယ်လို စွန့်ပစ်တယ်ဆိုတာ ဆလိုက်ရှိုးနဲ့ ရှင်းပြတယ်။ တခါ မြို့သူမြို့သားတွေက ရောဂါဘယတွေ ရတော့ သူတို့မြို့ကို သန့်ရှင်းအောင် လုပ်ပေးဖို့ တောင်းဆိုခဲ့ကြတော့ အစိုးရရော အရပ်ဘက်အဖွဲ့အစည်းတွေရော ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေပါ ပေါင်းပြီး မြို့သန့်ရှင်းရေး လုပ်ခဲ့ကြတာ။ ၁၉၉၂ ခုနှစ်လောက်မှာ သန့်ရှင်းတဲ့မြို့အဖြစ် ပြန်ရောက်ခဲ့တယ်။ အဲဒီလို လုပ်ခဲ့ကြပုံတွေကို ကွန်ပြုတာဆလိုက်တွေနဲ့ ရှင်းပြပါတယ်။ ဒီထဲမှာ မီးချောင်းဆို ဘယ်လို စွန့်ပစ်မယ်၊ ရေဆိုးကို ဘယ်လို စွန့်ပစ်မယ်။ အမှိုက်စိုနဲ့ အမှိုက်ခြောက်တွေကို ဘယ်လို စွန့်ပစ်တယ် ဆိုတာတွေပါ ပါတယ်။”

ဂျပန်နိုင်ငံ ကီတာကျူရှုးမြို့ဟာ ကမ္ဘာ့အသန့်ရှင်းဆုံးဆု ရရှိထားဖူးပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဆုပေါင်း ၅၀၀ ကျော် ရရှိထားတဲ့မြို့လည်း ဖြစ်ပါတယ်။

ဂျပန်-မြန်မာ ၂ နိုင်ငံသဘောတူညီချက်နဲ့ မန္တလေးမြို့ကို သန့်ရှင်းတဲ့ အစိမ်းရောင်မြို့ ဖြစ်လာအောင် ငွေအား၊ လူအင်အားတို့နဲ့ အကူအညီပေးနေတာလည်း ဖြစ်ပါတယ်။

သန့်ရှင်းတဲ့ အစိမ်းရောင်မြို့ ဖြစ်ပေါ်ရေးအတွက် မန္တလေးစည်ပင်အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ အထက်တန်းကျောင်းတွေမှာ ပညာပေးလုပ်ငန်းတွေ လုပ်ဆောင် နေပြီး အခုအချိန်ထိ ၁၀ ကျောင်းမှာ လုပ်ဆောင်ပြီးသွားပြီလို့ သန့်ရှင်းရေးဌာနမှူး ဦးနေ၀င်းမြင့်က ပြောပါတယ်။

“အောက်တိုဘာ ၂၅ ရက်ကစပြီး မန္တလေးတိုင်းထဲမှာရှိတဲ့ အထက်တန်းနဲ့ အလယ်တန်းကျောင်းပေါင်း ၅၉ ကျောင်းမှာ ပညာပေးလုပ်ငန်းစခဲ့တယ်။ အမှိုက်ခွဲခြား စွန့်ပစ်တဲ့စနစ်ကို ကျောင်းသားလူငယ်တွေကြားထဲက စပြီး ပညာပေးခဲ့တာပေါ့။ အမှိုက်ခွဲခြား စွန့်ပစ်တာနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းက ဆက်စပ်နေတာမို့လား။ green city ဆိုတာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ ရေဆိုးစွန့်ပစ်တာတွေရော လေထု ညစ်ညမ်းတာရော အကုန်လုံးကို သန့်သွားအောင်လည်း လုပ်မယ်။ သန့်သွားအောင်လုပ်တဲအထဲမှာ အဓိက အရေးကြီးတဲ့ အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာ နည်းပညာနဲ့ စွန့်ပစ်အမှိုက်တွေကို ပြန်ပြီး အသုံးချတဲ့ ဟာက တွဲနေတာကိုး။”

အစိမ်းရောင်မန္တလေးမြို့ ဖြစ်လာဖို့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး မူဝါဒဆိုင်ရာအဖွဲ့ (IGES)က အဓိက ပံ့ပိုးကူညီပေးနေတာဖြစ်ပြီး မန္တလေးစည်ပင်ကတော့ ၁ နှစ်လောက် အတွင်း ဖြစ်ပေါ်လာမယ်လို့ မျှော်လင့်ပြီး လုပ်ဆောင်နေပါတယ်။


Viewing all articles