ကမ္ဘာ့ကြီး ပြန်လည်ပြုပြင်လို့ မရတော့တဲ့ ထိခိုက်ပျက်စီးမှုကို ရှောင်ကြဉ်နိုင်ဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကို အခုချိန်မှာကစပြီး လုပ်ဆောင်ရတော့မှာဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က နိုဝင်ဘာလ ၂ ရက်နေ့က သတိပေးလိုက်ပါတယ်။
၂၁၀၀ ခုနှစ် အရောက်မှာ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာတွေဖြစ်တဲ့ ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီစတာတွေကို လုံးဝမသုံးတော့တဲ့အထိ လျော့ချလိုက်မှ ကမ္ဘာကြီး ရာသက်ပန် ထိခိုက်ပျက်စီးမှုကို ရှောင်ရှားနိုင်မယ်လို့ ဆိုပါတယ်။ မဟုတ်ရင် အခုရာစုနှစ် အကုန်မှာ လက်ရှိကမ္ဘာကြီးအပူချိန်ထက် ၅ ဒီဂရီ ပိုပူပြင်းလာမယ်လို့ ကျွမ်းကျင်သူ ပညာရှင်တွေက တွက်ချက်ထား ပါတယ်။
ကမ္ဘာကြီးပူနွေးမှုကြောင့် အပူချိန်ပိုအစွန်းရောက်လာတာ မိုးပိုများပြီး သမုဒ္ဒရာတွေ အက်ဆစ် ပေါက်လာတာနဲ့ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာတွေဖြစ်စေတယ်လို့ သိပ္ပံပညာရှင် အယောက် ၈၀၀ပူးပေါင်း သုတေသနလုပ်ထားတဲ့ စာမျက်နှာ ၅၀၀ ပါ အစီရင်ခံစာက ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလက နယူးယောက်မြို့မှာ သောင်းနဲ့ချီတဲ့ လူထုတွေ ကမ္ဘာကြီး ပူနွေးလာမှုအရေးကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေရဲ့ သိပ္ပံဆိုင်ရာ တွေ့ရှိချက် ထွက်လာပြီဖြစ်သလို လူထုအသိပညာကလည်း ရှိနေပြီဖြစ်တာကြောင့် ကမ္ဘာ့နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ လိုက်ပါဆောင်ရွက်လို စိတ်ပဲ ကျန်တော့တယ်လို့ ရာသီဥတုအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။