Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမေရိကန်သံအမတ်ကို တင်ပြ

$
0
0

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒဲရစ် မစ်ချယ်ရဲ့ အချက်အလက်ရှာဖွေရေး ခရီးစဉ်တွင်းမှာ ကချင်ပြည်နယ်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး  ဒေသခံမျိုးနွယ်စု တိုင်းရင်းသားတွေက တင်ပြခဲ့ကြပါတယ်။

သံအမတ်ကြီးနဲ့ အဖွဲ့ဟာ  အောက်တိုဘာလ ၂၇ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စု ဓမ္မာရုံကို  ရောက်လာပြီး ဒေသတွင်း အေးချမ်းမှုအခြေအနေတွေ မေးမြန်းခဲ့စဉ်  လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ မပပျောက်သေးတဲ့အကြောင်း တင်ပြခဲ့တယ်လို့  ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ခေါင်းဆောင် ဦးစိုင်းထိန်လင်းက ဒီဗွီဘီကို ပြောပါတယ်။

10682151_798465243530037_4812375694786015667_o copy“အစိုးရနဲ့ ကေအိုင်အိုတို့ သဘောတူထားတဲ့ စည်းကမ်းတွေကို သူတို့ မလိုက်နာတဲ့အကြောင်း၊ အထူးသဖြင့် လူမဖမ်းတော့ပါဘူး၊ ဆက်ကြေးမကောက်ပါဘူး၊ ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘူးဆိုတာ ၂ ဘက်လုံး သဘောတူထားတာပဲ။ စာချုပ်ပါစည်းကမ်းကို ဖောက်ဖျက်တော့ ပြည်သူတွေက ၀န်ထုပ်ဝန်ပိုးဖြစ်တာပေါ့ဗျာ။ နောက်ပြီးတော့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ဆိုတာမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းကသာ ကျနော်တို့ပေါ်မှာ အကြမ်းမဖက်ဘူး၊ မခြိမ်းခြောက်ဘူး၊ ဆက်ကြေးမကောက်ဘူးဆိုရင်  ဥပဒေစိုးမိုးသွားမယ်၊ အေးချမ်းသွားမယ်လို့  ကျနော်တို့ ပြောဆိုခဲ့ပါတယ်။”

ဒါ့အပြင် အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့ရဲ့ ပဋိပက္ခကြား  ဒေသခံပြည်သူတွေ ခံနေရကြောင်း၊ သောင်းနဲ့ချီတဲ့ ရွာသားတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရတာ ခုထိပြန်မလာနိုင်လို့ ကျန်ခဲ့တဲ့ အိုးအိမ်တွေနဲ့ လယ်ယာစိုက်ခင်းတွေလည်း ဆုံးရှုံးပျက်စီးခဲ့ရကြောင်း သံအမတ်ကြီးကို တင်ပြခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

သူတို့ဒေသမှာ ကေအိုင်အေက တပ်သားသစ် အတင်းအကျပ်စုဆောင်းဆွဲခေါ်ခံရတာ လတိုင်းလိုရှိနေပြီး ဒီအောက်တိုဘာလဆန်းကလည်း တနိုင်းမြို့နယ် ပယင်းမှော်မှာ ပယင်းကျောက်တူးနေတဲ့ လူ ၅၀ ကျော် အဆွဲခံထားရပြီး လက်ရှိ စာရင်းတွေအရ ကေအိုင်အေထဲ ၀င်ဖို့ ဖမ်းခေါ်ခံထားရတဲ့ လူရွယ် ၁၈၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

ကေအိုင်အိုက တယ်လီဖုန်းခွန်၊ ဆိုင်ခန်းခွန်၊ လယ်ခွန် လုပ်ငန်းခွန်တွေပါ ကောက်ခံကြောင်း၊ သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့ကို တိုင်တန်းရင်လည်း မဖမ်းခိုင်းကြောင်း၊ ပြန်စစ်ဆေးမယ်ဆိုတဲ့အကြောင်း ထပ်တလဲလဲ ပြောခဲ့တာ၊ ပြည်နယ်အစိုးရထိ တင်ပေမယ့် ထူးခြားမှုမရှိတဲ့အကြောင်းတွေလည်း တင်ပြခဲ့တယ်လို့ ဦးစိုင်းထိန်လင်းက ပြောပါတယ်။

သံအမတ်ကြီးနဲ့အဖွဲ့ဟာ လာမယ့်လမှာ လာရောက်မယ့် အမေရိကန်သမ္မတ ဘားရတ် အိုဘားမား မြန်မာနိုင်ငံ ခရီးစဉ်အကြို အချက်အလက်စုဆောင်းတဲ့အနေနဲ့ ရောက်ရှိလာတာဖြစ်ပြီး ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားအဖွဲ့၊ နိုင်ငံရေးပါတီတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ အောက်တိုဘာ ၂၇ ရက် မနက်က ပြည်နယ်အစိုးရရုံးမှာ တွေ့ဆုံခဲ့ပြီး အဓိကအားဖြင့် ပြည်တွင်းဒုက္ခသည်များ ရွှေ့ပြောင်းပေးတဲ့အခါ သံအမတ်ကြီးက   နိုင်ငံတကာ စံချိန်မီဖြစ်ဖို့ လိုအပ်ကြောင်း ပြောခဲ့တယ်လို့ ကချင်ပြည်နယ်လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ဒီဗွီဘီကို ပြောပါတယ်။

“ပြည်တွင်းဒုက္ခသည်တွေ ရွှေ့ပြောင်းတဲ့အခါမှာ နိုင်ငံတကာစံနှုန်းနဲ့ ညီရဲ့လားပေါ့။ သူတို့ပြောတဲ့ နိုင်ငံတကာ စံနှုန်းဆိုတာ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးရာမှာ သူတို့သဘောဆန္ဒအတိုင်း ဟုတ်ရဲ့လား၊ ဘေးကင်းလုံခြုံမှုရှိရဲ့လား၊ ဆောင်ရွက်ပေးတဲ့ အာဏာပိုင်တွေပေါ်ရော ဒုက္ခသည်တွေက ယုံကြည်မှု ရှိကြရဲ့လား စတာတွေပေါ့။ ၀န်ကြီးချုပ်ကလည်း သူဟာ ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရဆိုတော့ ပြည်သူကို အဓိကထားပြီး ဆောင်ရွက်တဲ့အကြောင်း ပြန်ပြောခဲ့ပါတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့က လွယ်ဂျယ်ဒုက္ခသည်စခန်းမှာရှိတဲ့ အိမ်ထောင်စု ၃၃ စု၊ လူဦးရေ ၁၉၂ ဦးကို မူရင်းနေထိုင်ခဲ့ရာ စိန်လုံကဘာရွာကို ပြည်နယ်အစိုးရရဲ့အစီအစဉ်နဲ့ ပြန်လည်ရွှေ့ ပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။


Viewing all articles

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ