အနောက်အာဖရိက နိုင်ငံတွေမှာ အီဘိုလာရောဂါ လူနာတွေ အလျင်အမြန် တိုးပွားနေတာကို ထိန်းချုပ်နိုင်ဖို့အတွက် တကမ္ဘာ့လုံးက ကျန်းမာရေးဝန်ထမ်းတွေ အကူအညီပေးကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆော်သြထားပါတယ်။
ရောဂါကူးစက်မှု အဆိုးဆုံး ဖြစ်နေတဲ့ ဂီနီ၊ လိုက်ဘေးရီးယား၊ ဆီရာလီယွန် နိုင်ငံတွေမှာ လူနာသစ်တွေ အလျင်အမြန် တိုးပွားနေပြီး အီဘိုလာ ကုသရေးဌာနတွေက ထိန်းချုပ်နိုင်တဲ့ ပမာဏကို ကျော်လွန်နေတယ်လို့ ဂျီနီဗာက သတင်းစာရှင်းလင်းပွဲမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွန်ကြားရေးမှူး မာဂရက်ချန်းက စက်တင်ဘာလ ၁၂ ရက်နေ့မှာ ပြောပါတယ်။
ရောဂါကူးစက်သူ ၄၇၈၄ ယောက်ထဲက ၂၄၀၀ ကျော် သေဆုံးခဲ့ပြီလို့ အတည်ပြုနိုင်ပြီး ဒီထက်လည်း များနိုင်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ရောဂါဒဏ်ခံနေရတဲ့ နိုင်ငံတွေဆီကို နိုင်ငံတကာ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဝါး အထောက်အပံ့တွေ စေလွှတ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
နောက်ထပ် ဆရာဝန် ၅၀၀ ကနေ ၆၀၀၊ ကျန်းမာရေးလုပ်သား အနည်းဆုံး ၁၀၀၀ ဟာ ရောဂါထိန်းချုပ်ရေး ဌာနတွေမှာ တာဝန်ထမ်းဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။
အီဘိုလာကပ်ဘေးမှာ လူနာတွေကို ကုသပေးတဲ့ ဆေးဝန်ထမ်းတွေ ကူးစက်မှုနှုန်းဟာလည်း မြင့်မားခဲ့ပါတယ်။ အနောက်အာဖရိကမှာ လူနာတွေကို ဆေးကုသပေးခဲ့တဲ့ အမေရိကန်လူမျိုး ဆရာဝန်တွေနဲ့ ဗြိတိသျ ဆရာဝန် အနည်းဆုံး တယောက်အပါအ၀င် တော်တော်များများ ကူးစက်ခံခဲ့ရပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲမှာပဲ ကျူးဘား ကျန်းမာရေးဝန်ကြီးက ကျန်းမာရေးဝန်ထမ်း ၁၆၅ ယောက်ကို စေလွှတ်မယ်လို့ ကြေညာခဲ့ပါတယ်။