၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ ပြီးဆုံးသွားခဲ့ပါပြီ။ ဇွန်လ ၁၂ ရက်ကနေ ဇွန်လ ၂၆ ရက်အထိ နေ့တိုင်းကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေမှာ ကမ္ဘာ့ဖလားပွဲ ထုံးစံမပျက် နာမည်ကြီး ရေပန်းစားကြတဲ့ အသင်းကြီးတချို့ အုပ်စုအဆင့်က လှည့်ပြန်ခဲ့ကြရပါတယ်။
အုပ်စုတက်ခဲ့တဲ့ အသင်းတွေကြည့်ရင် တောင်အမေရိကတိုက်က ၅ သင်း၊ ဥရောပတိုက်က ၆ သင်း၊ အာဖရိကတိုက်က ၂ သင်း၊ မြောက်အမေရိကတိုက်က ၃ သင်းတို့ ပါဝင်ပြီး အာရှတိုက်က အသင်း ၄ သင်းစလုံးကတော့ အုပ်စုက လှည့်ပြန်ခဲ့ကြရပါတယ်။
ဇွန် ၂၈ ရက်န့ကစပြီး ဒုတိယအဆင့် ရှုံးထွက်ပွဲတွေ စတင်ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပြီး တောင်အမေရိကတိုက်က အသင်း လေးသင်း တွေ့ကြမှာပါ။
အိမ်ရှင်ဘရာဇီးအသင်းက ချီလီအသင်းနဲ့ မြန်မာစံတော်ချိန် ၁၀ နာရီခွဲ ကစားမှာ ဖြစ်ပြီး မနက် ၂ နာရီခွဲမှာတော့ ကိုလံဘီယာအသင်းနဲ့ ဥရုဂွေးအသင်းတို့ ကစားကြမှာပါ။
အုပ်စုပွဲကစားခဲ့တဲ့ ခြေစွမ်းအရ အိမ်ရှင် ဘရာဇီးအသင်း ခြေစွမ်းဟာ ချန်ပီယံခြေစွမ်းလို့ အပိုင်ပြောနိုင်တဲ့အနေအထား မတွေ့ရပါဘူး၊
အိုလံပစ်အားကစားဂျာနယ်အယ်ဒီတာ ကိုဟိန်းသန့်က ဒီအချက်ကို လက်ခံပေမယ့် ဇွန် ၂၈ ရက်နေ့ ပွဲမှာတော့ ဘရာဇီး သာတယ်လို့ သုံးသပ်ပါတယ်။
“ချန်ပီယံ ခြေစွမ်းရှိပြီလို့ ပြောလို့တော့ မရသေးဘူးပေါ့။ ဘာလို့လဲဆိုတော့ ဘရာဇီးကစားပုံက မက္ကဆီကိုနဲ့ ပွဲမှာ ကြည့်လိုက်မယ်ဆိုရင် သူတို့မှာ လိုအပ်ချက်လေးတွေ ရှိနေသေးတာ တွေ့ရတယ်။ အထူးသဖြင့် ခံစစ်ပိုင်းကစားပုံက နည်းနည်း ဟာကွက်လေးတွေ ရှိနေတယ်။ ဒါပေမယ့် တခုကောင်းတာက သူတို့မှာ ခြေစွမ်းအရ ချန်ပီယံခြေစွမ်း မရသေးပေမယ့် စိတ်ဓာတ်ပိုင်းအရ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဂိုးတွေလည်း ရလာပြီဆိုတော့ ဒါဘရာဇီးအတွက် အခွင့်အရေး ပိုရှိတယ်လို့ ထင်ပါတယ်။ နောက် ချီလီရဲ့ ခံစစ်ကြောင်း ကစားပုံကလည်း သိပ်ပြီးတော့ အကောင်းကြီး မဟုတ်တဲ့အတွက် ဒီပွဲက ဘရာဇီးအတွက် အခွင့်အရေးသာနိုင်တဲ့ပွဲပါ။”
ဒုတိယပွဲဖြစ်တဲ့ ကိုလံဘီယာနဲ့ ဥရုဂွေးပွဲမှာ ကိုလံဘီယာ သာတယ်လို့လည်း ပြောပါတယ်။
မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ကိုသန်းတိုးအောင်ကတော့ ဥရုဂွေးမှာ တိုက်စစ်မှူး ဆွာရက် မပါတော့ပေမယ့် ဥရုဂွေးကို ပိုကြိုက်တယ်လို့ ပြောပါတယ်။
“ဆွာရက် ပြဿ နာ တတ်တာက ထိခိုက်တယ်။ ဆွာရက်က ဂိုးသွင်းနိုင်တဲ့ တိုက်စစ်မှူး ကောင်း တယောက်ဆိုတော့ နည်းနည်းတော့ ထိခိုက်တယ်။ ဒါပေမယ့်လည်း အများကြီး မထိခိုက်ဘူး။ ဘာလို့လဲဆိုတော့ ချီလီတို့၊ ဥရုဂွေးတို့၊ ဘရာဇီးတို့ဆိုတာက တဦးချင်း အားသာချက်တွေက ဥရောပက ကောင်တွေထက် သာတယ်။ အဲဒီတော့ ဥရုဂွေးက ဆွာရက်ထုတ်လိုက်တယ်ဆိုပေမယ့် တယောက်နဲ့တော့ သိပ်မသိသာပါဘူး။ ကိုလံဘီယာနဲ့ ဥရုဂွေးဆိုရင် ကျနော်က ဥရုဂွေးကို ပိုကြိုက်တယ်။”