Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

ဘန်ကောက်မြို့တွင် အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ အစိုးရအိမ်တော်ရှေ့မှာ စုရုံးဆန္ဒပြ

$
0
0

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အစိုးရဆန့်ကျင်ဆန္ဒပြသူတွေ မေလ ၁၀ ရက်နေ့က အစိုးရအိမ်တော်ရှေ့မှာ စုရုံးဆန္ဒပြနေကြပြီး အစိုးရရုပ်မြင်သံကြားလွှင့်ဌာနတွေလည်း ၀န်းရံထားကြပါတယ်။

ဝန်ကြီးချုပ်ယင်လပ်ကို ဖြုတ်ချခဲ့ပြီး အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ရုံးတင်ထားချိန်မှာ အစိုးရဆန့်ကျင်သူတွေက လက်ရှိအစိုးရကို အဖြုတ်တိုက်မယ်လို့ ဆိုနေကြပါတယ်။

Thai Protest၀န်ကြီးချုပ်ဟောင်း ယင်လပ်ရဲ့ ဖွေ့ထိုင်းပါတီက လက်ရှိအစိုးရကို ဆက်လက်ဦးဆောင်နေပြီး ဇူလိုင်လ ရွေးကောက်ပွဲကို ထပ်မံအနိုင်ရဖို့ စိုင်းပြင်းနေကြပါတယ်။ ရွေးကောက်ပွဲလုပ်ရင် ဖွေ့ထိုင်းပါတီကပဲ အနိုင်ရနေအုံးမှာကြောင့် ဆန္ဒပြသူတွေက လက်ရှိအစိုးရကို ဖြုတ်ချမယ်လို့ ကြွေးကြော်နေကြတာဖြစ်ပါတယ်။

ရွေးကောက်ပွဲတွေ မလုပ်ခင် ရွေးကောက်ပွဲဥပဒေပြုပြင်ရေးတွေကို အရင်ဆုံးပြုလုပ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာဖြစ်ပါတယ်။ ၀န်ကြီးချုပ်ဟောင်းယင်လပ်ကို ထောက်ခံသူ ရုပ်နီတွေက စနေနေ့မှာ အင်အားပြချီတက်ဖို့ ကြေညာထားပြီး ဇူလိုင်လ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ ထပ်မံအနိုင်ရဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်က ဆန္ဒပြသူတဦးက “အခုအချိန်မှာ ထိုင်းပြည်သူတွေ အခက်ခဲဆုံးအချိန်ကို ဖြတ်သန်းနေကြရပြီး အစိုးရအပြောင်းအလဲဖြစ်ဖို့ အချိန်တန်နေပြီ”လို ပြောဆိုပါတယ်။

အခု စနေ၊ တနင်္ဂနွေနှစ်ရက်မှာ အစိုးရထောက်ခံသူတွေနဲ့ အတိုက်အခံပြည်သူတွေ ဘန်ကောက်မြို့မှာ အင်အားပြဆန္ဒပြကြမှာမို့ နှစ်ဖက်လူထုတွေ ထိပ်တိုက်တွေ့မှာကို စိုးရိမ်နေကြပါတယ်။

ဘန်ကောက်မြို့မှာ လုံခြုံရေးအင်အား ၂၁၀၀၀ လောက် ချထားတယ်လို့ ထိုင်းလုံခြုံရေးအာဏာပိုင်တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလက ပြန်လည်ဖြစ်ပွားလာတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ လူ ၂၄ ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

အရှေ့တောင်အာရှရဲ့ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အခုလို နိုင်ငံရေးအကျပ်အတည်းတွေ လနဲ့ချီပြီး ဖြစ်ပွားနေတာကြောင့် ထိုင်းနိုင်ငံရဲ့စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းတွေကို ထိခိုက်နေပြီး ဧပြီလက ထိုင်းနိုင်ငံရဲ့စီးပွားရေးအပေါ် လူထုရဲ့ ယုံကြည်မှု ၁၂ နှစ်အတွင်း အနိမ့်ဆုံးကို ရောက်နေတယ်လို့ ဆိုပါတယ်။


Viewing all articles