ယူကရိန်းနိုင်ငံက ရုရှားနိုင်ငံကို သဘာဝဓာတ်ငွေ့ဖိုးပေးဖို့ အကြွေးတင်နေတာကြောင့် ဇွန် ၁ ရက်နေ့က စတင်ပြီး တင်ပို့မယ့် သဘာဝဓာတ်ငွေ့အတွက် ကြိုတင် ငွေပေးချေမှ တင်ပို့မယ်လို့ ရုရှားနိုင်ငံက ဆိုတာကြောင့် ရုရှားဓာတ်ငွေ့အပေါ် မှီခိုနေတဲ့ အီးယူနိုင်ငံတွေ ဓာတ်ငွေ့အဖြတ်ခံရမယ့်အရေး ကြုံနေပါတယ်။
ရုရှားနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ ၁၅ ရာခိုင်နှုန်းကို အီးယူ ၂၈ နိုင်ငံက သုံးစွဲနေပြီး ယူကရိန်းနိုင်ငံကို ဖြတ်ပြီး သွယ်ယူနေတာ ဖြစ်ပါတယ်။

ယူကရိန်းစွမ်းအင်ဝန်ကြီး
ရုရှားနောက်ခံထားခဲ့တဲ့ အရင် ယူကရိန်းအစိုးရ ဖြုတ်ချခံခဲ့ရအပြီး ရုရှားနိုင်ငံက တင်ပို့နေတဲ့ သဘာဝဓာတ်ငွေ့ဈေးကို ရုရှားနိုင်ငံက ၂ ဆ မြှင့်တင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က ဧပြီလအတွက် ကျန်နေတဲ့အကြွေး အမေရိကန်ဒေါ်လာ ၃ ဒဿ မ ၅ ဘီလီယံကို ပေးချေဖို့ နောက်ဆုံးရက် သတ်မှတ်ခဲ့ပေမယ့် ဈေးသိပ်မြင့်တယ်ဆိုပြီး ယူကရိန်းအစိုးရက ငွေပေးချေဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒါကြောင့် ဇွန် ၁ ရက်နေ့က စပြီး တင်ပို့မယ့် သဘာဝဓာတ်ငွေ့တွေအတွက် ကြိုတင်ငွေ ပေးချေမှ တင်ပို့တော့မယ်လို့ ရုရှားနိုင်ငံက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
သုံးသပ်သူတွေကတော့ ဥရောပဆောင်းရာသီ အရင်ကထက် ပူနွေးလာတာကြောင့် အီးယူနိုင်ငံတွေရဲ့ သဘာဝဓာတ်ငွေ့ လိုအပ်ချက်ဟာ ရေတိုမှာ သိပ်မထိခိုက်နိုင်ဘူးလို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ပထမအရစ် အထောက်အပံ့ အမေရိကန်ဒေါ်လာ ၃ ဒဿ မ ၁၉ ဘီလီယံကို ဒီတပတ်ထဲမှာပဲ ရရှိခဲ့ပြီး ရုရှားအကြွေးကို ဆပ်နိုင်တယ်လို့ ယူကရိန်းစွမ်းအင်ဝန်ကြီးက ဆိုပေမယ့် ယခင်ဈေးမတက်ခင်က နှုန်းထားနဲ့ပဲ သဘာဝဓာတ်ငွေ့ဖိုးကို ပေးချေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ရုရှားစွမ်းအင်ကုမ္ပဏီ (Gazprom) က တောင်းတဲ့ နှုန်းသစ်ဟာ သိပ်မြင့်တာကြောင့် ကြိုတင်ငွေလည်း မပေးချေနိုင်ဘူးလို့ ပြောဆိုပါတယ်။