Quantcast
Channel: မြန်မာသတင်း – DVB
Viewing all articles
Browse latest Browse all 33734

မဒေးကျွန်း ဆန္ဒပြခေါင်းဆောင်အချို့ကို ရဲက ခေါ်ယူစစ်ဆေး

$
0
0

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာ စီအန်ပီစီ တရုတ်ကုမ္ပဏီကို တောင်းဆို ဆန္ဒပြခဲ့တဲ့ သူတွေထဲက  ခေါင်းဆောင်တချို့ကို မြို့နယ်ရဲစခန်းက ခေါ်ယူစစ်ဆေးနေပါတယ်။

မနေ့ညနေပိုင်းက စီအန်ပီစီ (China National Petroleum Cooperation) ကုမ္ပဏီဝင်းထဲ နေပူကြဲကြဲမှာ ၁ နာရီကြာ ဆန္ဒပြပေမယ့်လည်း  တရုတ်ကုမ္ပဏီဘက်က တဦးမှ ထွက်မတွေ့ဘဲ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ခရိုင်ရဲမှူး၊ လုံခြုံရေးတပ်သားတွေ ရောက်လာပြီး လူစုခွဲခိုင်းတယ်လို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ကို စဖမ်းပြီ။ ကျောက်တန်းက ၃ ယောက်၊ ရွာမက သုံးယောက်၊ ပန်းတိမ်ကနေ သုံးယောက်၊ ကျနော်ရယ်ကို ဖမ်းမယ်။ မောင်မြင့်နိုင်၊ မောင်မောင်မြင့်၊ မောင်ယဉ်လှတို့ သုံးယောက်ကို ဖမ်းပြီး စစ်ဆေးတယ်။ ပြီးတော့ အာမခံရှာခိုင်းတယ်။ မောင်ယဉ်လှက အာမခံရှာဖို့ ရွာကို ရောက်နေတယ်လို့ သတင်းရတယ်။ နောက်ပြီး ကျနော့်အိမ်ကိုလာတယ်လို့ အိမ်ကလူတွေပြောတယ်။ ထွန်းကြည် ရောက်ရောက်ချင်း စခန်းကို လွှဲလိုက်ပါ၊ အာမခံဖို့ လူဘယ်နှယောက်ခေါ်လာခဲ့လို့ ပါတယ်။ ၉ နာရီဝန်းကျင်လောက်က လာပြောတာပါ။ ကျနော်တို့က လုပ်ထားပြီးပြီ။ ပေးတဲ့အပြစ်ကို ခံယူဖို့က အသင့်ပဲ။”

သူ့အနေနဲ့တော့ လောလောဆယ် ကျောက်ဖြူမြို့ကို ရောက်နေတဲ့အတွက် ညနေပိုင်း မဒေးကျွန်းပြန်မှ ရဲစခန်းကို သွားမယ်လို့ ဆိုပါတယ်။

အာမခံနဲ့ ပြန်လွတ်လာသူတွေ ပြောပြချက်အရ ရဲစခန်းက သူတို့ရဲ့ ကိုယ်ရေးရာဇ၀င်တွေယူပြီး ဆန္ဒပြပွဲမှာဝတ်တဲ့ တီရှပ်ကို ဘယ်ကငွေနဲ့ထုတ်သလဲ၊ ဆန္ဒပြဖို့ ဘယ်အဖွဲ့အစည်းက ကူသလဲ  စသဖြင့် မေးမြန်းခဲ့တယ်လို့ ပြောပါတယ်။

မနေ့က ဆန္ဒပြခဲ့ပွဲမှာ အာဏာပိုင်တွေဘက်က တားဆီးတာတွေ မရှိကြောင်း၊  ဒါပေမယ့်  တောင်းဆိုချက် ၉ ချက်ထဲမှာ ဘယ်အချက်ကို လိုက်လျောပေးမလဲဆိုတာ ရေရေရာရာ အဖြေမသိခဲ့ရဘူးလို့ ပြောပါတယ်။

ခရိုင်အုပ်ချုပ်ရေးမှူးက လမ်းပြင်ပေးမယ်လို့ ပြောပေမယ့် ဘယ်တော့စပြင်မယ်၊ ဘယ်နှစ်အတွင်း အပြီးလုပ်မယ်ဆိုတာ မပြောကြောင်း၊ တရုတ်ကုမ္ပဏီဘက်က မဒေးကျွန်းကို ဒီနေ့ ရောက်လာမှာဖြစ်ပြီး ရွာသားခေါင်းဆောင်၊ အုပ်ချုပ်ရေးမှူးတွေပါ ခေါ်ပြီးတော့ သူတို့တောင်းဆိုတဲ့ကိစ္စ ညှိနှိုင်းဖို့ ရှိတယ်လို့ ပြောပေမယ့်  ခုချိန်ထိ အကြောင်းမကြားသေးဘူးလို့ ဦးထွန်းကြည်က  ပြောပါတယ်။

စီအန်ပီစီ ကုမ္ပဏီဟာ  မဒေးကျွန်းမှာ ရေနံစိမ်းတင် ဆိပ်ကမ်းတခုနဲ့ ရေနံသိုလှောင်ဖို့ အင်မတန်ကြီးမားတဲ့ တိုင်ကီကြီး ၁၂ လုံးကို တည်ဆောက်နေပြီး အဲဒီစီမံကိန်းမှာ ရွာသားပိုင် စားကျက်မြေတွေ  ဆုံးရှုံးခဲ့ရသလို တနိုင်တပိုင် ငါးဖမ်းဧရိယာ ကန့်သတ်ခံရတာ၊ ရွာသားတွေ အလုပ်အကိုင် ရှားပါးလာတာတွေကြောင့်  သူတို့နစ်နာချက်တွေ ထုတ်ဖော်ဖို့နဲ့ အခွင့်အရေး ပြန်တောင်းဆိုဖို့ ဖြစ်လာတာလို့ ဦးထွန်းကြည်က ပြောပါတယ်။

သူတို့ဆုံးရှုံးတဲ့ မြေဧကပေါင်း ၄၀၀ ကျော်ရှိပြီး ဒီပြဿနာကို စုံစမ်းစစ်ဆေးဖို့ လွန်ခဲ့တဲ့ ၆ လ လောက်က နေပြည်တော်က လယ်ယာမြေသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ရောက်လာခဲ့ပေမယ့် စစ်ဆေးတဲ့အဆင့်ပဲရှိပြီး ခုထိ ဘာမှ အရေးယူဆောင်ရွက်ပေးတာ မရှိသေးဘူးလို့ ဦးထွန်းကြည်က ပြောပါတယ်။

မဒေးကျွန်းရွာသားတွေဟာ စီအန်ပီစီကုမ္ပဏီကို ဆန္ဒပြဖို့အတွက် ၂၀၁၂ ခု နှစ်ကုန်ပိုင်းကစပြီး  ၃ ကြိမ်တိုင်တိုင် အာဏာပိုင်တွေဆီ ခွင့်တောင်းခဲ့ပေမယ့် ခွင့်ပြုချက်မကျဘဲ ဧပြီ၁၈ ရက်နေ့မှာ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။


Viewing all articles